ကောင်းကောင်းအိပ်ပျော်အောင် ကူညီပေးမယ့် အစားအစာများ
ညညဆို အိပ်စက်ရခက်ခဲ၊ မနက်မနက်ဆို အိပ်ယာထဖို့ မနည်းကြိုးစားနေရတဲ့ အခြေအနေကြီးနဲ့ ရင်ဆိုင်နေရပြီလား။ အိပ်စက်တယ်ဆိုတာက လူတစ်ယောက်ရဲ့ ရှင်သန်နေထိုင်မှုမှာ သိပ်ကိုအရေးကြီးတဲ့ ကိစ္စနော်။
ဒီတော့ ညည ကောင်းကောင်းမအိပ်နိုင်ဖြစ်နေရင် နောက်တစ်နေ့ကျ လေးလံထိုင်းမှိုင်းပြီး ငူငိုင်နေတော့မှာပေါ့။ နေ့စဉ်ဘဝမှာလည်း တက်တက်ကြွကြွ မရှိ၊ နေရထိုင်ရတာ မအီမသာနဲ့ ပျော်စရာကောင်းတော့မှာမဟုတ်ပါဘူး။
အရမ်းအိပ်တာ မကောင်းဘူး၊ ဒါပေမယ့် အိပ်ချိန်နည်းတာ၊ အိပ်ရေးမဝတာက လူကိုပိုပြီး အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ လုံလုံလောက်လောက် အိပ်ထားတဲ့လူတွေကသာ နေ့စဉ်ကျန်းမာရွှင်လန်းပြီး အာရုံကြောတွေ အားကောင်းလာမှာပါ။ နောက်ပြီး အိပ်ရေးဝရင် ကိုယ်ခံအားလည်း ကောင်းလာဦးမှာပါ။
ကောင်းကောင်းအိပ်မပျော်ရင်တော့ မနက်ဆို စိတ်တွေတို၊ ဒေါသတွေထွက်၊ ဘာလုပ်လုပ် အဆင်မပြေ၊ စိတ်မကြည်မလင်တွေဖြစ်ပြီး အာရုံနောက်စရာတွေ ရင်ဆိုင်ရပါလိမ့်မယ်။ အိပ်ရေးမဝရင် ကျန်းမာရေးတင် ထိခိုက်တာမဟုတ်ပါဘူး။ Quality of Life ကိုပါ ထိခိုက်စေတာပါ။
ဘဝအမောတွေကြောင့် အိပ်ပျော်ဖို့ ခက်နေရင် စိတ်မညစ်ပါနဲ့။ ပုံမှန်မှီဝဲပေးရုံနဲ့ အိပ်ဆေးတွေ သောက်စရာမလိုပဲ ပုံမှန်အိပ်ပျော်စေအောင် ကူညီပေးနိုင်တဲ့ အစားအစာလေးတွေရှိနေတာမို့ပါ။ ခုပြောပြပေးမယ့် အစားအစာလေးတွေကို မှီဝဲစားသုံးပေးရင် အိပ်ရေးဝတဲ့ ညလေးတွေကို ပြန်ပိုင်ဆိုင်နိုင်စေမှာပါနော် …
၁) နွားနို့နွေးနွေး
နွားနို့ထဲမှာပါတဲ့ Tryptophan ဆိုတဲ့ အသားဓာတ်တည်ဆောက်ရာမှာ ပါဝင်တဲ့ အမိုင်နိုအက်စစ်ဟာ အိပ်စက်ခြင်းနဲ့ သက်တောင့်သက်သာဖြစ်စေခြင်းတို့မှာ အရေးပါပါတယ်။ ညအိပ်ခါနီးမှာ နို့နွေးနွေးတစ်ခွက် သောက်ခြင်းက ခန္ဓာကိုယ်ကို အိပ်စက်ဖို့ သတိပေးရာရောက်သလို အိပ်စက်ခြင်းအတွက် ပံ့ပိုးတဲ့ Melatonin ကိုစတင်ထုတ်လွှတ်ပေးပါတယ်။
၂) ငှက်ပျောသီး
ငှက်ပျောသီးမှာ ကြွယ်ဝစွာပါဝင်သော ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ Tryptophan တို့သည် ခန္ဓာကိုယ်ကြွက်သားတွေကို ဖြေလျှော့ပေးနိုင်သော ဂုဏ်သတ္တိရှိပါတယ်။ ဦးနှောက်မှလည်း Melatonin ကို ထွက်စေနိုင်တဲ့အတွက် ကောင်းစွာ အိပ်စက်နိုင်ဖို့ ကူညီပေးပါတယ်။
၃) Almond Butter
အဆီနဲ့ အသားဓာတ်များ ပြည့်ဝစွာပါဝင်လို့ အစာချေဖျက်နှုန်းကို လျှော့ချပေးတယ်။ တစ်ညလုံး ဖြည်းညှင်းစွာ ချေဖျက်နေလို့ သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်နေစေကာ ဆာလောင်မှု နည်းစေပါတယ်။ ဒါ့အပြင် Almond (ဗာဒံစေ့) မှာ ကြွက်သားများ ဖြေလျော့စေကာ သက်တောင့်သက်သာဖြစ်စေနိုင်တဲ့ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီစီယမ်လည်း ပါဝင်ပါတယ်။
၄) အုန်းဆီ
အုန်းသီးမှ ရတဲ့အဆီသည် ရောင်ရမ်းခြင်းကို သက်သာစေတယ်။ အစာချေဖျက်နှုန်း လျော့နည်းစေတယ်။ ဆာလောင်မှုကို လျော့နည်းစေတဲ့အတွက် အိပ်စက်ခြင်းမှာ အနှောင့်အယှက်ကင်းစေပါတယ်။
၅) ချာမိုမိုင်းပန်းခြောက် လက်ဖက်ရည် (Chamomile Tea)
တချို့လူများ Bedtime Tea လို့တောင် တင်စားတဲ့ ချာမိုမိုင်းပန်းခြောက် လက်ဖက်ရည်ဟာ အိပ်မပျော်သောရောဂါအတွက် သက်သာကောင်းမွန်စေပါတယ်။ သွေးလည်ပတ်မှုစနစ်ကို ကောင်းစေခြင်း၊ ခုခံအားစနစ်မြှင့်တင်ပေးခြင်း၊ ကင်ဆာရောဂါ အချို့ကို ကာကွယ်ပေးခြင်း စတဲ့ အကျိုးကျေးဇူးတွေရှိပါတယ်။
၆) ကဆီဓာတ်ပြည့်ဝသော သစ်ဥများ
ကန်စွန်းဥ၊ အာလူး၊ ပိန်းဥ စတဲ့ အစားအစာတွေဟာ အူလမ်းကြောင်းအတွက် ကောင်းမွန် ကျန်းမာစေပါတယ်။ ခန္ဓာကိုယ်ကို သက်တောင့်သက်သာဖြစ်စေတဲ့အတွက် ကောင်းစွာအနားယူဖို့ ထောက်ပံ့ပေးပါတယ်။
၇) ချယ်ရီသီးခြောက်
ချယ်ရီသီးခြောက်မှာ သဘာဝ Melatonin , ဗီတာမင် B နဲ့ မဂ္ဂနီဆီယမ် တို့ပါဝင်တဲ့အတွက် အိပ်မပျော်ခြင်းများနဲ့ ရောင်ရမ်းခြင်း သက်သာစေတဲ့ အကျိုးများ ရရှိစေပါတယ်။
Dr. MMT